myalwar.blogspot.com

Saturday, July 28, 2007

တ၀က်ပြည့်နေသလား?? လျော့နေသလား ???

မနေ့က မြလွှာအိမ်ကို ရောက်တော့ မြလွှာရဲ့ အဒေါ်ဝမ်းကွဲ ရောက်နေတယ်… အရင်ကဆို အရမ်းကို လှလှပပ ပြင်ပြင်ဆင်ဆင်နေခဲ့တဲ့ သူက မနေ့ကတွေ့လိုက် တော့ မြလွှာ အံ့အားသင့်မိတယ်.. အရင်ကနဲ့ လုံးဝလုံးဝကို မတူတော့တာပါပဲ…. လူမှာက အရေးကြီးဆုံးက စိတ်ပဲလေ… အရင်က သူတို့မိသားစုက မတောင်မတမကြောင့်မကျ ပေါ့…. ခု သူရဲ့ အမျိုးသားကလည်း ပင်စင်ယူသွားတော့ တော်တော်လေးကို ချို့တဲ့သွားရှာတယ်.. ဒီထက်ပိုပြီးဆိုးတာကတော့ သူ့ရဲ့စိတ်မှာ ဒဏ်ရာရသွားတာပါပဲ… မြလွှာတို့လူတွေ အပြင်ပန်း ဘယ်လောက်ပဲ ဒဏ်ရာရရ ပျောက်အောင်ကုသလို့ ရတယ်လေ… စိတ်ဒဏ်ရာကကျတော့ စိတ်နဲ့ပဲ ပျောက်အောင် ကုသမှ ရနိုင်မှတဲလေ…… စိတ်ဒဏ်ရာကျတော့ စိတ်နဲ့ပဲကုသမှ ပျောက်တယ်လို့ မြလွှာ ဖေဖေကပြောတာပဲ.. ခုမြလွှာဒေါ်လေးမှာ ဖြစ်နေတဲ့ ရောဂါက Depression လို့ခေါ်တဲ့ စိတ်ဓာတ်ကျ ရောဂါဖြစ်နေတာတဲ့လေ… မြလွှာဖေဖေ ပြောပြတော့ သိပ်ကိုနားမလည် ခဲ့ဘူး.. ဘာကို ပြောပါလိမ့်ပေါ့… ဖေဖေက သေချာရှင်းပြမှ မြလွှာ သဘောပေါက်ခဲ့ရတယ်… အရင် က အခြံအရံ အပေါင်းအသင်း တွေနဲ့ ပြည့်နေတဲ့ သူ ၊ ဘ၀မှာ လိုလေသေး မရှိအောင် နေခဲ့တဲ့သူက ခုချက်ချင်းဆိုသလို အဲဒါတွေ အားလုံးပျောက်ကွယ်ကုန်တော့ စိတ်ဓာတ်ကျ ရောဂါဆိုတာ ဖြစ်လာတော့တာပေါ့…. မြလွှာလည်း မြလွှာ အန်တီအတွက်စိတ်မကောင်း ဖြစ်ခဲ့ရတယ်… ဒါနဲ့ မြလွှာလည်း စိတ်နဲ့ပတ်သတ်တဲ့ စာအုပ်လေးကို လက်ဆောင်ပေးမယ် ဆိုပြီး သွားဝယ်လိုက်တော့.. " ဆရာတော် ဦးဇောတိက " ရဲ့ " စိတ်နှလုံးရွှင်လန်းစေဖို့ " ဆိုတဲ့ စာအုပ်လေးကို မြလွှာ ရွေးပြီး ၀ယ်လိုက်မိတယ်.. အန်တီလေးကို မပေးခင်မှာ စာအုပ်မြင်ရင် မနေနိုင်တဲ့ မြလွှာတစ်ယောက် စာအုပ်လေးကို အမြည်းသဘော ဖတ်လိုက်မိတယ်… မြလွှာတို့တွေ ဘယ်အလုပ်ကိုပဲ လုပ်လုပ်၊ ဘယ်ကိစ္စကိုပဲ မြလွှာတို့ ဆောင်ရွက်ဆောင်ရွက် မြလွှာတို့မှာ ရှိနေတဲ့ အတွေးဟာ တွေးတတ်ဖို့ အင်မတန် အရေးကြီးလှပါတယ်... ကိစ္စတစ်ခု ပြီးစီးတိုင်း ကိုယ်ကတတ်နိုင်သလောက် ကောင်းအောင် ကြိုးစားပြီး လုပ်ပြီးပြီ… သူတို့ကြိုက်တာ မကြိုက်တာ သူတို့နဲ့ပဲ ဆိုင်တယ်.. သူတို့ ကြိုက်သလို ဆုံးဖြတ်ပေါ့.. သူတို့နှစ်သက်တယ်.. ကျေနပ်တယ်ဆိုရင် ၀မ်းသာပေးလိုက်ရုံပေါ့…. သူတို့မနှစ်သက်ဘူး ဆိုရင်လည်း ကိစ္စမရှိဘူး ကိုယ့်ဘက်က ကြိုးစားရုံပဲ ရှိတာပေါ့လို့ သဘောထားနိုင်ရင် ဘယ်ကိစ္စမဆို စိတ်သက်သာမယ်တဲ့လေ… စိတ်အတက်အကျဆိုတာ လူတိုင်းမှာ ဖြစ်တတ်ကျတာပါပဲ… တစ်ချို့က တက်တဲ့အခါမှာ အရမ်းတက်ပြီး ကျတဲ့အခါမှာ သိပ်ကိုကျသွားတတ်တယ်.. ကိုယ်စိတ်ကို ကိုယ်ကောင်းကောင်းသိတဲ့ လူဟာ စိတ်ကို အတက်အကျ နည်းအောင် ထားနိုင်ရမယ်တဲ့လေ.. ဥပမာ ပြောရမယ်ဆိုရင်… ရေခွက်ထဲမှာ ရေတ၀က်ပြည့်ထားတာကို မြင်တဲ့အခါ တစ်ယောက်က “ရေခွက်မှာ ရေတ၀က်ပြည့်နေတယ်လို့မြင်တယ်” “နောက်တစ်ယောက်က “ရေခွက်မှာ ရေတ၀က်လျော့နေတယ်လို့ မြင်တယ်” နှစ်ယောက်လုံးစလုံး မှန်ပါတယ်.. ဒါပေမယ့် “ရေခွက်ထဲမှာ ရေတ၀က်ပြည့်နေတယ်လို့ မြင်တဲ့သူက အကောင်းမြင်တတ်လို့ စိတ်ချမ်းသာမယ်” “ရေခွက်ထဲမှာ ရေတ၀က်လျော့နေတယ်လို့ မြင်တဲ့သူက စိတ်မချမ်းသာဘူး..” အဲဒီလိုပဲပေါ့နော်.. အဲဒါမျိုးတွေတွေးတတ်ဖို့ မြလွှာတို့တွေ ကျင့်ယူမှ ရနိုင်မှာလေ.. မြလွှာတို့တွေ မှတ်သားထိုက်တဲ့ စကားလေးတွေ ရှိသေးတယ်ရှင့်….. “ ငါကိုယ်ငါ လေးစားမှု ရှိနေသေးသရွေ့…. သူများ ဘယ်လို ထင်တယ်ဆိုတာကို ကြောင့်ကျနေဖို့ မလိုပါဘူးတဲ့… ကိုယ့်ကိုယ်ကို အထင်မသေးတဲ့ သူဟာ သူများကိုယ့်ကို အထင်သေးတာကို ဂရုမစိုက်ဘူး.. ကိုယ့်ကိုယ်ကို ကျေနပ် နေတဲ့ သူဟာ သူများ ဘာပြောပြော ခံနိုင်တယ်… သူများကို ဘယ်လိုလူစားလို့ ပြောတာဟာ… ကိုယ့်ကိုကိုယ် ဘယ်လိုလူစားလို့ ဖော်ပြနေတာနဲ့ တူတယ်.. ကိုယ့်ကိုကိုယ် စိတ်ချမ်းသာအောင် မနေနိုင်တဲ့ သူဟာ သူများကိုလည်း စိတ်ချမ်းသာအောင် ဘယ်တော့မှ မထားနိုင်ဘူးတဲလေ… စိတ်ဓာတ်ကျသွားရင် စိတ်အိုသွားတတ်တယ်တဲ့….. သတိနဲ့ နေတဲ့ စိတ်ဟာ ဘယ်တော့မှ မအိုတော့ဘူးတဲ့…”
မြလွှာရဲ့ စာအုပ်လေးကြောင့် အန်တီလေး တစ်ခုခု ရသွားမယ်လို့တော့ မြလွှာဆုတောင်းနေမိတော့မှာပါ…..

No comments: